ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပခုက္ကူ ဖေဖော်ဝါရီ ၁၃

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အဆိုပါ ကောလိပ်ရှိ မိုးလုံလေလုံအားကစားရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ပခုက္ကူပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်က အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်း၊ စည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပခုက္ကူပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ကပြဖျော်ဖြေကြပြီး အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ ဗန္ဓုလနှင့် အလောင်းဘုရား စသည့် Myanmar Fitness Dance အကအဖွဲ့များအလိုက် ယှဉ်ပြိုင်ကပြခဲ့ကြောင်း သိရသည်။ 

ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော အပြေး၊ အလျားခုန်၊ အမြင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ လွန်ဆွဲ၊ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်နှင့် Myanmar Fitness Danceစသည့် အမျိုးသား၊ အမျိုးသမီး အားကစားပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများအား ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)