လပွတ္တာမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လပွတ္တာ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ (၄)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊‌ ရွေးနဒီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လပွတ္တာခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးမှ အဖွင့်မှာစကားပြောကြားခဲ့ပြီး ခရိုင်လဝကဦးစီးမှူး ဒေါ်ပပဝင်းမှ သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်၍ အချက်အလက်များအား PowerPoint ဖြင့် ရှင်လင်းတင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရမှ သန်းခေါင်စာရင်းကောက်ယူရာတွင် ဌာနဆိုင်ရာများ၊ စာရင်းစစ်၊ စာရင်းကောက် ဆရာ/ဆရာမများအား သတ်မှတ်အရည်အချင်းညီညွတ်သောသူများကို ပညာရေးမှူးမှ ရွေးချယ်ပေးရန် ပြောကြားခဲ့ပြီး မြို့နယ်လဝကဦးစီးမှူး ဦးဆန်းဦးမှ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍ သန်းခေါင်းစာရင်းကောက်ယူနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးခဲ့သည်။

လပွတ္တာမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းများကို စာရင်းကောက်အဖွဲ့  (၅၀)ဖွဲ့က စာရင်းကောက်ကွက် (၆၂၇)ကွက်ဖြင့် မြို့နယ်ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ နေထိုင်သူများအားလုံးကို မထပ်မကျန် စာရင်းကောက်ယူနိုင်ရန် ရပ်ကွက်/ကျေးရွာများအလိုက် Mobile Tablet ဖြင့် ၁.၁၀.၂၀၂၄ မှ ၁၅.၁၀.၂၀၂၄ ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန လပွတ္တာမြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မူမူ