ငွေဆောင်ကမ်းခြေတွင် (၂၀၂၃) ခုနှစ်အတွင်း အပန်းဖြေလာရောက်သူများဖြင့် စည်ကား

ငွေဆောင် ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေတွင် ၂၀၂၃ ခုနှစ်အတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း ရှည်လျားခြင်း၊ ပင်လယ်ရေကြည်လင်ခြင်း၊ သဲသောင်ပြင်သန့်ရှင်းခြင်း၊ ဟိုတယ်များဝန်ဆောင်မှုကောင်းမွန်ခြင်း စသည်တို့ဖြင့် ခရီးသွားဧည့်သည်ဝင် ရောက်မှုများပြားရာ ကမ်းခြေတစ်ခုဖြစ်ပြီး ငွေဆောင်မြို့ထဲရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်များတွင် စျေးဝယ်ယူနေကြသူများ၊ ကမ်းခြေတွင်အပန်းဖြေကြသူများ၊၊ ရေကူး၊ လမ်းလျှောက်ကြသူများ၊ အထင်ကရကျွန်းများဖြစ်သောမြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ချစ်သူများကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ကျောက်မောင်နှမ၊ ဘုရားသုံးဆူနှင့်မိုးမခဆင်စခန်းများသို့ သွားရောက်လည်ပတ်ကြသူများဖြင့် စည်ကားသိုက်မြှိက်ခဲ့ကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေဒေသသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာနမှ လုပ်ငန်းလိုင်စင်ရယူ၍ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော ဟိုတယ်တည်းခိုရိပ်သာ (၃၇) လုံးရှိပြီး ၂၀၂၁ ခုနှစ်တွင် ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ဝင်ရောက်တည်းခိုမှုမှာ (၈၁၁၃၄) ဦး ၊ ၂၀၂၂ ခုနှစ်တွင် (၂၈၆၁၂၂)ဦး ၊ ၂၀၂၃ခု နှစ် ဇန်နဝါရီလ မှ ဇွန်လအထိ ( ၂၄၆၀၉၇ )ဦး ဝင်ရောက်တည်းခိုခဲ့ကြောင်း သိရသည်။

R – 014 ( ငွေဆောင်)