ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မုံရွာမြို့)တွင် အခြေခံလက်ရက်ကန်း(၆)လ သင်တန်းစဉ်ဆက်မပြတ် သင်ကြားပေးလျက်ရှိ

မုံရွာ  နိုဝင်ဘာ ၂၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(မုံရွာမြို့)တွင် အခြေခံလက်ရက်ကန်း(၆)လ သင်တန်းစဉ်ဆက်မပြတ် သင်ကြားပေးလျက်ရှိကြောင်း အဆိုပါကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်မိုးထံမှ သိရသည်။

ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မုံရွာမြို့)အနေဖြင့် မြန်မာ့ရိုးရာရက်ကန်း အတတ်ပညာများ ဆက်လက်ထိန်းသိမ်းထားရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်၊ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ ကိုယ်ပိုင် စက်ရုံ၊ အလုပ်ရုံများအတွက် ကျွမ်းကျင်သောရက်ကန်းနှင့် အခြားအသက်မွေး အတတ်ပညာရှင်များ မွေးထုတ်ပေးရန်၊ ငယ်ရွယ်သော မြန်မာအမျိုး သမီးငယ်လေးများအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာများ တတ်မြောက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်၊ ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်း ဝင်ငွေမှသည် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် အခြေခံလက်ရက်ကန်း(၆)လ သင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်း ကျင်သူ(၁)နှစ်သင်တန်း၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကာလတိုနည်းပညာ သင်တန်း၊ အထည်ဆေးရေးနှင့် ပန်းပုံရိုက်သင်တန်း၊ သဘာဝဆိုးဆေးသင်တန်း၊ လက်ရက် ကန်းဖဲနှတ်ကောက်သင်တန်း တို့ကိုစနစ်တကျ သင်ကြားလေ့ကျင့် ဆောင်ရွက်ပေးသည့်အပြင် အခြေခံစက်ချုပ်သင်တန်းကိုလည်း ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်စေရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရန်၊ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်သူလူထုအတွင်း နည်းပညာများ ပျံ့နှံ့စေပြီး သွင်းကုန် အစားထိုး လုပ်ငန်းများ စီးပွားဖြစ်ထုတ်လုပ်လာနိုင်စေရန်တို့ ရည်ရွယ်ပြီး နှစ်စဉ်စီမံချက် များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။

အခြေခံလက်ရက်ကန်း(၆)လ သင်တန်းတွင်  လက်ချည်မျှင်ဆွဲနှင့်ဂျပ်ခုတ်၊ အထည်ခွဲ စိတ်လေ့လာခြင်း၊ အဖြူချွတ်ဆေးဆိုး၊ အထည်ဒီဇိုင်း၊ လက်ရက်ကန်း စသည့်ဘာသာ(၅)မျိုးအား တစ်နှစ်လျှင် သင်တန်း(၂)ကြိမ်ဖွင့်လှစ်ကာ သင်တန်းသားသင်တန်းသူ(၂၀)ဦးအား စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိပြီး နိုင်ငံတော်မှ စားစရိတ် ငွေကျပ်(၃၀၀၀၀) ထောက်ပံ့ပေး၍ အဆောင်အခမဲ့နေထိုင်ခွင့်ရရှိကြောင်း၊ အသက်(၁၆)နှစ်မှ (၂၅)အတွင်း အိမ်ထောင်မရှိသူများ တက်ရောက်နိုင်ကြောင်း၊ အလားတူ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းတွင် အထည်ခွဲစိတ်လေ့လာခြင်း၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နှင့် စာစည်းကြိုး၊ လက်ရက်ကန်းနှင့် လက်ချည်မျှင်ဆွဲ၊ အထည်ဒီဇိုင်း၊ ချည်မျှင်ထုတ်လုပ်မှုနည်းပညာ၊ အဖြူချွတ် ဆေးဆိုး၊ စက်ရက်ကန်းနည်းပညာ၊ အထည်အလိပ်လုပ်ငန်းသုံးအမျှင်များ စသည့်ဘာသာရပ် များကို စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မုံရွာမြို့)မှ ဖွင့်လှစ်သည့် အခြေခံလက်ရက်ကန်း(၆)လ သင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ(၁)နှစ်သင်တန်းတို့ကို စိတ်ပါဝင်စားသူများအနေဖြင့် ရုံးဖုန်းနံပါတ် ၀၇၁-၂၁၂၃၄၊ ၀၉-၄၂၀၇၀၁၅၈၉ သို့ ဆက်သွယ်တက်ရောက်နိုင်ကြောင်းသိရသည်။

ရက်ကန်းနှင့် အသက်မွေးပညာကို လက်တွေ့အသုံးချသူများဟာ မိမိတို့ရဲ့ကိုယ်ပိုင်ဒီဇိုင်းတွေနဲ့ ထုတ်လုပ်မှုမျိုးစုံ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျွန်တော်တို့ သင်တန်းကျောင်းများမှ သင်ကြားပေးမှုများကို လက်တွေ့မြေပြင်တွင် ဆန်းစစ်မှုများ ဆောင်ရွက်ပေးပြီး အတတ်သင်ကြားပေးခြင်း ဖြစ်ပါကြောင်း၊ သင်တန်းဆင်းပြီးသူများဟာ အရည်အသွေးပြည့်မီတဲ့အတွက် အလုပ်ရုံ၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရုံများတွင် အောင်မြင်အောင် ဆောင်ရွက်နေသူများဖြစ်ကြောင်း၊ လာမည့်ဒီဇင်ဘာမှာ ဖွင့်လှစ်မည့်သင်တန်းများကိုလည်း မည်သူမဆို လာရောက်တက်ရောက်နိုင်ပါကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည့်အထိ ငွေကြေး၊ နည်းပညာ၊ ဈေးကွက်ပိုင်းဆိုင်ရာများကို  အရှိန်အဟုန်မြှင့် ထောက်ပံ့ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားရှိပြီး လုပ်ငန်းရှင် (၁၀၀)နီးပါး ရှိကြောင်း၊ ရက်ကန်းပညာ တတ်မြောက်ထားသူများကတော့ အိုးမကွာအိမ်မကွာ၊ မိသားစုဝင်ငွေတိုးရေး၊ မိမိရပ်ရွာတွင် ပုံမှန်ဝင်ငွေရတဲ့ လုပ်ငန်းများလုပ်ကိုင်လျက် ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(မုံရွာမြို့)မှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရက်ကန်းလုပ်ငန်းရှင် (၂၀၅၀)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်း ရှင်တို့အတွက်လိုအပ်သော အလုပ်အကိုင်အခွင့်အလမ်းများ၊ ငွေကြေးများ၊ နည်းပညာများကို အချိန်နှင့်တပြေးညီ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မောင်းက ပြောကြားချက်အရသိရသည်။

ခရိုင်(ပြန်/ဆက်)