မြင်းမူမြို့တွင် ရာသီပေါ်အစားအစာဖြစ်သည့် မှိုအုံးနက်ဈေးကောင်း၍ ဒေသခံများ အပိုဝင်ငွေရရှိ

မြင်းမူ နိုဝင်ဘာလ ၇

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် သဘာဝလျောက်ပေါက်ရောက်သော မှိုအများအပြား နုတ်ယူရောင်းချချိန် ဖြစ်သောကြောင့်  မိသားစုအတွက် အပိုဝင်ငွေရရှိချိန်ဖြစ်ကြောင်း သိရသည်။

နှစ်စဉ် သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလအချိန်များတွင် သဘာဝအလျောက် မှိုအများအပြား ပေါက်ရှိချိန်ဖြစ်ရာ နုတ်ယူရောင်းချ သူများအနေဖြင့် ဝင်ငွေပိုမိုရရှိကြကြောင်း၊ ဒေသအခေါ် မှိုအုံးနက်မျိုးဖြစ်ကြောင်း စားသုံးသူအများနှစ်သက်မှုရှိပြီး ဝယ်ယူစားသုံးသူ များက နှစ်သက်ကြ၍   ရောင်းချရာတွင် အဆင်ပြေကြောင်း၊ တစ်ပိသာလျှင်ငွေကျပ် (၁၅၀၀၀)နှင့် (၁၇၀၀၀)ဈေးထိ ဝယ်ယူကာ မြို့ပေါ်ဈေးနှင့် စစ်ကိုင်း၊ မန္တလေးများသို့ တင်ပို့ရောင်းချရကြောင်း၊ လက်ရှိပြန်ရောင်း ဈေးအနေဖြင့် တစ်ပိဿာလျှင် ငွေကျပ် (၂၀၀၀၀)နှင့် (၃၀၀၀၀)ကြားထိ ဈေးရှိကြောင်း၊ အဓိကစားသောက်ဆိုင်ကြီးများက မှာယူလျက်ရှိပြီး တန်ဆောင်မုန်းလကုန်ပြီးချိန် တွင် မှိုထွက်ရှိမှုမရှိတော့ကြောင်း  မှိုဖောက်သည်ယူရောင်းချနေသူ ဒေါ်သုထံက သိရသည်။

ယခုနှစ်သည် မိုးကောင်းသည့်နှစ်ဖြစ်သောကြောင့် မှိုအများအပြားပေါက်ရောက်ကြောင်း၊ မှိုရှာသူများအနေဖြင့် တစ်ဦးလျှင် အနည်းဆုံး (၅)ပိဿာမှ အချိန်(၁၀)အထိရရှိကြောင်း၊ အချို့မိသားစုအလိုက် မှိုရှာဖွေကြရာ အချိန်(၂၀)အထိ ရရှိကြသည်ပြီး မိသားစု အနေဖြင့် ဝင်ငွေပိုမိုရရှိလျက်ရှိကြောင်း မှိုရှာဖွေရောင်းချသူများထံက သိရသည်။

အောင်စိုးဖေ(မြင်းမူ)