ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်ရာ တက်ရောက်ကြသည့် ကျောင်းသား/ကျောင်းသူများဖြင့်

ကသာ ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများကို ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများဖြင့် စည်ကားလျက်ရှိသည်။

ယနေ့တွင်ကသာမြို့၌ အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်သည့်အတွက် ကျောင်းများတွင် စတင်ကျောင်းတက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ၊ အတန်းသစ်သို့ တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများနှင့် မိမိတို့သားသမီးများကို ပညာသင်ကြား ကျောင်းအပ်နှံခွင့်ရကြသည့်အတွက် ကျေနပ်ပီတိဖြစ်နေကြသော ကျောင်းသားမိဘများဖြင့် အထူးစည်ကားလျက်ရှိသည်။

ကသာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်း(၃) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)  (၆)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၆)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) (၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၀)ကျောင်း၊ မူလတန်း ကျောင်း(၁၆)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၂)ကျောင်း၊ စုစပေါင်း (၅၄)ကျောင်း ဖွင့်လှစ်နိုင်ကြောင်းနှင့် ယမန်နှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ထက် (၁၄)ကျောင်း တိုးမြှင့်ဖွင့်လှစ်နိုင်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းထံမှ သိရသည်။

ကျော်စွာ(ကသာ)