ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်း မြန်အောင်တွင် ဖွင့်လှစ်သင်ကြား

မြန်အောင် မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းကို ယနေ့နံနက်က မြန်အောင်မြို့ ပရဟိတမြို့ရွှေကျောင်းတိုက်၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းဖွင့်ပွဲတွင် မြန်အောင်ခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌဒေါ်နေခြည်ဝင်းက သင်တန်းတက်ရောက်ကြသည့် ကျောင်းသားကျောင်းသူများအား အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြာပြီး ယဥ်ကျေးလိမ္မာ၍ ထူးချွန်ထက်မြက်သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လာစေရန် ကြိုးစားကြရန်မှာကြား၍ မြန်အောင်မြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးက သင်ကြားမည့်သင်ခန်းစာများနှင့် မိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြန်အောင်ခရိုင်နှင့် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့မှ သင်တန်းတက်ရောက်ကြသည့် ကျောင်းသားကျောင်းသူများအတွက် ယောဂီတဘက်၊ စာအုပ်စာစောင်၊ ဘောပင်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသားကျောင်းသူများအား အာဟာရမုန့်နှင့် အချိုရည်များ ကျွေးမွေးခဲ့ပါသည်။

မြန်အောင်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းသို့ ကျောင်းသား/ကျောင်းသူ (၁၀၄) ဦး တက်ရောက်၍ (၈.၅.၂၀၂၃) မှ (၁၂.၅.၂၀၂၃) နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)