ပုသိမ်မြို့နယ်၊ သရောင်းချောင်းမျိုးသန့်ထုတ်ခြံတွင်ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ကြဲပက်ပွဲ အခမ်းအနားပြုလုပ်

ပုသိမ် ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ကြဲပက်ပွဲ အခမ်းအနားကို စိုက်ပျိုးရေးဦးစီးဌာန၊ ပုသိမ်မြို့နယ် သရောင်းချောင်းမျိုးသန့်ထုတ်ခြံတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးဦးစိန်မောင်မြင့်၊ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများက ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) များ ကြဲပက်​ပေး ခဲ့သည်။ ပုသိမ်မြို့နယ်၊ သရောင်းချောင်းမျိုးသန့်ခြံရှိ မိုးကြိုးပစ်ကွင်း၊ ဦးပိုင်အမှတ်(၆၅-A)ရှိ ၅ဧကတွင် တစ်ဧကလျှင်ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ၄ ပြည်နှုန်း ကြဲပက်စိုက်ပျိုးခဲ့ကြပြီး ပုသိမ်မြို့နယ်အတွင်းရှိ စိုက်ဧကပေါင်း (၂၉၅၀) တွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) များကို ဆက်လက်၍ ကြဲပက်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မြင့်ဟန်

ပုသိမ်ခရိုင် (ပြန်/ဆက်)