လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဥ်ဖြင့် Youth Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့် Youth Club  အဖွဲ့ စာဖတ်ဝိုင်းကို ယမန်နေ့ညနေ ၃နာရီတွင် ကျင်းပသည်။

စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးအရာရှိက မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး ခေါင်းစဥ်ဖြင့် လည်းကောင်း Youth Club အဖွဲ့ဝင် မောင်ကောင်းခန့်၊ မပြည့်ပြည့်ဝင်းနှင့် အဖွဲ့ဝင်များက လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးစေချင်၊ မူးယစ်ဆေးဝါးပြဿနာ၊ မူးယစ်ဆေးဝါး အန္တရာယ် ခေါင်းစဥ်များဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။

အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Community Centre ခန်းမတွင် Talk Show များ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး နံရံကပ်စာစောင် ဓာတ်ပုံပြပွဲများနှင့် ပြိုင်ပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ )