ဟုမ္မလင်း​မြို့နယ်၊ ခေါင်ခမ်းကျေးရွာ အ.လ.က ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

​ဟုမ္မလင်း​ ဖေ​ဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်၍ ဟုမ္မလင်းမြို့နယ်ခေါင်ခမ်းကျေးရွာ အ.လ.က စာသင်ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ခဲ့​ကြောင်းသိရသည်။
ရှေးဦးစွာ ခေါင်ခမ်းကျေးရွာ (အ.လ.က) တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟုမ္မလင်းမြို့နယ် အားကစားနှင့်ကာယာပညာဦးစီးဌာန အားကစားမှူးဦးမင်းမင်းနိုင်က လူငယ်နှင့်​အားကစားသည် ဒွန်တွဲလျက်ရှိပါသဖြင့် လူငယ်နှင့်အားကစားယှဉ်တွဲ၍ တိုးတက်ဖွံဖြိုးလာအောင် နိုင်ငံတော်က အားကစားနှင့် ကာယပညာသိပ္ပံသင်တန်းကျောင်း(မုံရွာ)ကို ဖွင့်လှစ်က အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အဆိုပါသင်တန်းကျောင်းသို့ တက်ရောက်လိုပါက အဆက်အသွယ်ပြု အမည်ပေးနိုင်ပါကြောင်း ရှင်းလင်းဆွေးခဲ့သည်။

ဆက်လက်၍ ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဧဆက်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “ လူငယ်တွေအနေနဲ့ စကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆို တတ်စေရန်၊ လူငယ်နဲ့ရည် ရည်းချက်၊ လူငယ်နဲ့စာရိတ္တ၊ လူငယ်နဲ့ကျန်းမာရေး စသည်ဖြင့် လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများတိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အားကစားလှုပ်ရှားခြင်းဖြင့် ဘက်စုံထူးချွန်ထက်မြက်သည့်လူငယ်များ​ပေါ်ထွန်းလာမည် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ” ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ​မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန အားကစားမှူးဦးမင်းမင်းနိုင်နှင့် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးဧဆက်တို့က ဆွေးနွေးမည့်သူများနှင့် မိတ်ဆက်​ပေးကာ ​ကျောင်းသား​ကျောင်းသူ(၄)ဦးတို့က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား ပတ်သက်သည့် ခေါင်းစဉ်များဖြင့်အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး အားကစားပစ္စည်းများ​ ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်း သို့ဟုမ္မလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမင်းမင်းနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဧဆက်၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများကျောင်းသား​ ကျောင်းသူများစုစုပေါင်း ၈၀ ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)