ကန့်ဘလူ ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဇီးပန်းသီးပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသူများမှာ အောင်မြင်ဖြစ်ထွန်းပြီး ယခုအခါတွင် ရောင်းချနေရပြီးဖြစ်၍ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူတောင်သူများထံမှ သိရသည်။
“ကျွန်တော်က ဒီဇီးပန်းသီးပင် ကိုင်းကူးပျိုးပင်(တစ်ပေခွဲခန့်ရှိ)တွေကို မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ကနေ မှာယူပြီး ကန့်ဘလူမြို့အရောက် တစ်ပင်ကို ၁၅၀၀ ကျပ်ဖြင့် အပင် ၁၅၀ စိုက်ပျိုးထားခြင်းဖြစ်ပါတယ်။ စိုက်တဲ့အခါမှာ ကျင်းကို တစ်ပေခွဲ၊ အနက် ၂ ပေတူးပြီး မြေအောင်းပိုးသတ်ဆေး၊ သဘာဝမြေဩဇာများထည့်ပြီး စိုက်ပျိုးပါတယ်။ တစ်ပင်နဲ့ တစ်ပင်ကြား ပေ ၂၀ ခန့်စိုက်ထားပြီး အခုဆိုရင် သက်တမ်းအားဖြင့် ၅ နှစ်ခန့် ရှိပါပြီ” ဟု ကိုယ်တိုင်စိုက်ပျိုးရောင်းချသူ အမှတ်( ၂)ရပ်ကွက်မှ ဦးမြင့်စိုးက ပြောသည်။
အဆိုပါ ဇီးပန်းသီး( ၆၀/၇၀)ကျပ်သား တစ်အိပ်ကို ကျပ် ၈၀၀ နှုန်းဖြင့် ကန့်ဘလူမြို့မစျေး၊ ဘုရားကြီးတိုက်တန်းစျေး၊ ဘူတာအနီးရှိ စျေးဆိုင်များနှင့် ကျွန်းလှမြို့များသို့ ဖောက်သည်ဖြန့်ဝေခြင်း၊ အခင်းသို့လာ ရောက်ဝယ်ယူသူများကို ကျပ် ၁၀၀၀ နှုန်းဖြင့် ရောင်းချပြီး တစ်ရက်လျှင် (၆၀/၇၀)ကျပ်သားအိပ်ထုပ် ၈၀ နှင့် ၁၀၀ ကြားရောင်းချရကြောင်း ၎င်းကဆက်လက်ပြောသည်။
ကန့်ဘလူမြို့နယ်တွင် ဇီးပန်းသီးပင်များအား မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာအချို့တွင်လည်း အများအပြားစိုက်ပျိုးကြကြောင်းနှင့် ဇီးပန်းသီးများ မခူးစွတ်မီ ငှက်များ၏ ကိုက်ဖြတ်စားသောက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန် ဇီးပန်းသီးပင်များကို ပိုက်များဖြင့် ဖုံးအုပ်ထားရကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)