ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပွင့်ဖြူ ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာ ကော်မတီအဖွဲ့တို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်လူငယ်ရေးရာကော်မတီမှ အဖွဲ့ဝင် မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် လူငယ်များအနေဖြင့် လူငယ်စကားဝိုင်းမှ တစ်ဦးနှင့် တစ်ဦး အသိဉာဏ်ပညာများ မျှဝေခြင်းဖြင့် လူငယ်များအတွက် အသိပညာဗဟုသုတ တိုးပွားစေပြီး လူအများကြားတွင် ရဲဝံ့စွာဖြင့် စကားပြောဆိုတတ်စေခြင်း၊ ဦးဆောင်လိုစိတ်ရှိပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင် မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းနှင့် ပွင့်ဖြူ(အ.ထ.က)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် စာဖတ်ခြင်း စသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးသည့် ခေါင်းစဉ်များအပေါ် မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ပါဝင် ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)