ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာဝိုင်း၊ စာဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ကြံခင်း  ဇန်နဝါရီ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာဝိုင်း၊ စာဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးစာကြည့်တိုက်ဖောင်ဒေးရှင်း အလုပ်အမှုဆောင်ဦးစိုးမြင့် (တက္ကသိုလ်စိုးစံ) က အဖွင့်အမှာစကားပြောကြားရာတွင် အနာဂတ်လူငယ်များ စာပေတွင် မွေ့လျော်ရေး၊  ဖတ်၊ မှတ်လေ့လာရေး အတွက် မြို့နယ်စာပေဝါသနာရှင်များ ကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားပြီးနောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က  ကဗျာဝိုင်း၊ စာဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ကြံခင်းမြို့နယ် အသင်းဒုတိယဥက္ကဋ္ဌ ဦးကျော်ဒွန်း (စာရေးဆရာ၊ တေးသံရှင်သုခဒွန်း) က ဒေသခံ စာပေဝါသနာရှင်များနှင့် တွေ့ဆုံမိတ်ဆက်စကားပြောကြားပြီးနောက် မြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားခြင်း၊ မိမိတို့၏အတွေ့အကြုံများ၊ စာပေအပေါ်မြတ်နိုးတန်ဖိုးထားစိတ်များကို ပြန်လည်မိတ်ဆက်ပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိဒေါ်ခင်မိုးမြင်အား ဦးမျိုးဝင်း (ဆောင်းနတ်သျှင်) နှင့် ဒေါ်နှင်းချယ်ရီဖြိုး(ပန်းချယ်ရီ)တို့က ကဗျာစာအုပ်များ လှူဒါန်းပေးအပ်ကြသည်။

ထို့နောက် တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များအား မြို့နယ်အသင်းဥက္ကဋ္ဌဦးကျော်ဒွန်း (စာရေးဆရာ၊ တေးသံရှင်သုခဒွန်း) က သစ္စာတော်သွန်း  အကောက်တောင်တော်တေးသီချင်း၊ မုန့်လုံးရေပေါ်သင်္ကြန်သီချင်း (DVD) အခွေများ လက်ဆောင်ပေးခဲ့ပြီးနောက် အမှတ်တရစုပေါင်းမှတ်တမ်းပုံ ရိုက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)