ငဖဲမြို့နယ် သီပေါ်ကျေးရွာတွင် အာဆီယံသပြေပန်းပင်နှင့် ဘုရားပန်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ မိသားစုပုံမှန်ဝင်ငွေရရှိ

ငဖဲ ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် သီပေါ်ကျေးရွာမှ တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီးရွာ၏ အနောက်ဘက်ကိုင်းမြေ ၀ ဒသမ ၅၀ ဧကတွင် မြေအောက်ချောင်းရေကိုအသုံးပြု၍ အာဆီယံသပြေပန်းပင်နှင့် ဘုရားပန်းများဖြစ်သည့် နိုင်ငံခြားနှင်းဆီနှင့် ဟော်လံသစ္စာပန်းများ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ရောင်းချရကာ မိသားစု ပုံမှန်ဝင်ငွေရရှိနေကြောင်း သိရသည်။

အဆိုပါအာဆီယံသပြေပန်းပင်များကို  ခြံအတွင်းစိုက်ပျိုးထားသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်ပြီး ယမန် နှစ်ကတည်းက ရောင်းချနေရကြောင်း၊ အပင်ရှင်သန် အရွက်လှစေရန်အတွက် အပတ်စဉ်ရေ သွင်းပေးပြီး နွားချေးနှင့် သဘာဝမြေဩဇာထည့်သွင်းပေးရကြောင်း၊ အာဆီယံသပြေပင် အပင် ၅၀ ခန့်ရှိပြီး ခြံအတွင်း နိုင်ငံခြားနှင်းဆီ၊ ဟော်လန်သစ္စာပန်းနှင့် ကညွတ်ပင်များကိုလည်း စိုက်ပျိုးထားရှိကြောင်း၊ နိုင်ငံခြားနှင်းဆီနှင့် ဟော်လန်သစ္စာပန်းမျိုးဥများကို မေမြို့မှတစ်ဆင့်မှာ၍ဝယ်ယူပြီး စိုက်ပျိုးထားရှိကြောင်း၊ အာဆီယံသပြေ တစ်ခိုင်လျှင်ငွေကျပ် ၈၀ မှ ၁၀၀ ကျပ်နှုန်း၊ နိုင်ငံခြားနှင်းဆီပန်းတစ်ပွင့်လျှင် ငွေကျပ် ၁၅၀ နှုန်းနှင့် ဟော်လန်သစ္စာပန်း တစ်ခိုင်လျှင် ငွေကျပ် ၃၅၀ နှုန်းရောင်းချရကြောင်း၊ ခြံအတွင်းသို့ ဘုရားပန်းလှူရန်နှင့် အလှူ၊ မင်္ဂလာဆောင်များက လာရောက်ဝယ်ယူကြကြောင်း၊ အာဆီယံသပြေပန်း၊ နှင်းဆီပန်းနှင့် ဟော်လန်သစ္စာပန်းများကို ငဖဲမြို့မဈေးတွင် တစ်နေ့ပျမ်းမျှ နှစ်သောင်းဖိုးခန့်ရောင်းချရလို့ မိသားစု နေ့စဉ်ပုံမှန်ဝင်ငွေရရှိကြောင်း ပေကုန်းကျေးရွာမှ ဘုရားပန်းများစိုက်ပျိုး‌ရောင်းချသူ ဒေါ်အေးစီက ပြောကြားသည်။

မယု(ငဖဲ)