ပွင့်ဖြူ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာရှိ မုန်းချောင်းအား ဒေသခံပြည်သူများ အဆင်ပြေစွာကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ အမေထွား(ပဲဆီသန့်)မိသားစုက ကုန်ကျစရိတ်မတည်လှူဒါန်းကာ ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူများစုပေါင်းပြီး ယာယီဝါးတံတားဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု ၅၆ အုပ်စု၊ ကျေးရွာပေါင်း ၂၀၅ ရွာရှိကာ မုန်းချောင်းရေသည် မြို့အနီးမှ ရစ်ခွေစီးဆင်းလျက်ရှိ၍ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေဖူလုံ၍ (နွေ ၊ မိုး ၊ ဆောင်း) ရာသီမပြတ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားဖြစ် လုပ်ကိုင်ကြသည်။ မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများအနေဖြင့် ယခုလို ပွင့်လင်းရာသီရောက်ရှိလာသည့်အချိန်တွင် ကျေးရွာတစ်ရွာနှင့်တစ်ရွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရန်၊ ကျေးလက်နှင့်မြို့ပြ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် သွားလာနိုင်ရေးအတွက် ဒေသခံပြည်သူများစုပေါင်းပြီး မုန်းချောင်းအား ယာယီဝါးတံတားဆောက်လုပ်၍ အဓိကသွားလာအသုံးပြုကြကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာကြားရှိ မုန်းချောင်းအား ပွင့်လင်းရာသီကာလ ဒေသခံပြည်သူများ လွယ်လင့်တကူ ဖြတ်သန်းသွားလာအသုံးပြုနိုင်ရန်အတွက် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်မှ အမေထွား(ပဲဆီသန့်)မိသားစုက ယာယီဝါးတံတားဆောက်လုပ်ရန်အတွက် လိုအပ်သော ကုန်ကျစရိတ်အား မတည်လှူဒါန်းကာ ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူများ စုပေါင်းပြီး ယာယီဝါးတံတားကို စုပေါင်းဆောက်လုပ်လျက်ရှိရာ အဆိုပါ ယာယီဝါးတံတားတည်ဆောက်ပြီးစီးပါက ပွင့်ဖြူမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများအပြင် ပွင့်ဖြူမြို့နယ်အတွင်းရှိ သမန်းရင်းကျေးရွာ၊ ညောင်ပင်စောက်ကျေးရွာ၊ မုန်းဇလဲကျေးရွာ၊ အင်းနက်ကျေးရွာနှင့် ကျောင်းကုန်းကြီးကျေးရွာတို့မှ ဒေသခံကျေးလက်နေပြည်သူများ မြို့ပြနှင့်ကျေးလက် အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် အဆင်ပြေစွာကူးလူး ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်မှ ဒေသခံပြည်သူ ဦးတင်မောင်ငွေထံမှ သိရသည်။
အဆိုပါ ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာကြားရှိ မုန်းချောင်းသည် အကျယ်အရှည်ပေ ၁၀၀၀ ခန့်ရှိကာ နှစ်စဉ် ပွင့်လင်းရာသီကာလ ချောင်းရေကျသည့်အချိန်တွင် ဒေသခံပြည်သူများ မြို့ပြနှင့်ကျေးလက် လွယ်လင့်တကူအဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်မှ အမေထွား(ပဲဆီသန့်)မိသားစုက နှစ်စဉ်နှစ်တိုင်း ယာယီဝါးတံတားဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ်ကို မတည်လှူဒါန်းပေးနေကြောင်း သိရသည်။
လှိုင်ဝင်းလေး