ကျိုက်လတ် နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၊ စုဝေးခန်းမ၌ ယနေ့ နံနက် (၉) နာရီခွဲ အချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖြစ်သည့် ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းမှုသင်တန်း နှင့် အခြေခံအပ်ချုပ်သင်တန်းများဆင်းပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို တက်ရောက်သည့်အတွက် မိမိ၏မိသားစုနှင့် မိမိဒေသအကျိုးအတွက် လိုအပ်သည့်အချိန်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းများကို ပူးပေါင်းဖွင့်လှစ်ပေးသည့် PTTEP International Limited ( Yangon Branch) and Andaman Transportation Limited နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) တို့ကို ကျေးဇူးတင်ကြောင်းနှင့် သင်တန်းသားများကလည်း စာတွေ့၊ လက်တွေ့သင်ကြားပို့ချမှုများကို ဂရုတစိုက် ကြိုးစားသင်ကြားခဲ့ပြီးဖြစ်သဖြင့် တတ်ထားသည့် ပညာများကိုမမေ့စေရန် လက်တွေ့အသုံးချ၍ ဝင်ငွေရရှိစေရန် ကြိုးစားကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ဟိန်းလတ်က သင်တန်းမှရရှိသည့် အကျိုးကျေးဇူးများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်နေမှုအကြောင်း နှင့် PTTEP International Limited ( Yangon Branch) and Andaman Transportation Limited မှ ဦးနေဝင်းက ယခုသင်တန်းအတွက် ပူးပေါင်းဆောင်ရွက်ရခြင်းအကြောင်းနှင့် သင်တန်းဆင်းဂုဏ်ပြုစကား တို့ကိုပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်းနှင့်အဖွဲ့ဝင်များ၊ မစ္စတာ ထုံချိုင်းဒေါင်ချေး နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများအား ပေးအပ်ခဲ့ကြသည်။ အဆိုပါ သင်တန်းတစ်ခုစီကို သင်တန်းသား (၁၅) ဦးစီ တက်ရောက်ခဲ့ကြပြီး
(၂၈-၁၀-၂၀၂၂) ရက်နေ့မှ (၂၁-၁၁-၂၀၂၂) ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်ရီရီမြင့် ကျိုက်လတ်(ပြန်/ဆက်)