ကြံခင်း စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂါတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းက ပညာရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်ရေး၊ “ပညာရေးဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဟူသည့် ပညာရေးဆောင်ပုဒ်များကို ကျောင်းသား/သူများ အလေးအနက်ထား သိရှိမှတ်သားနိုင်ရန် ဟောပြောပါသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က “လူငယ်နှင့်စာဖတ်ခြင်း အလေ့အထ၊ စာပေလေ့လာဖတ်ရှုခြင်း အကျိုးကျေးဇူး (၇)မျိုးအား လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေး ဦးစီးမှူး ဒေါ်သူဇာမြင့်က သဘာဝအပင်များ၏ ဆေးဖက်ဝင်ပုံများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးရန်မသင့်သော အစားအစာများနှင့်ပတ်သက်သည့် အချက်များအားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး (တာဝန်ခံ)ဒေါ်ခင်မိုးဝါက လူငယ်နှင့်ခေါင်းဆောင်မှုဆိုင်ရာ သိကောင်းစရာများအား အသီးသီး ရှင်းလင်းဟောပြောကြပါသည်။ ဆက်လက်၍ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး(တာဝန်ခံ)က အားကစားဝတ်စုံများ ပေးအပ်ပြီးနောက် fitness dance အားကစားအကဖြင့် သရုပ်ပြခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၂၇၉)ဦး တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ ဆေးကုသပေးခြင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းမုန့်ဈေးတန်းတွင် တားမြစ်အစားအစာ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)