ကျောင်းကုန်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကျောင်းကုန်း စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အောက်ပိုင်းအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်ကိုက စားသုံးသူတို့ရဲ့ အခွင်းအရေးအကြောင်း ရှင်းလင်းပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး မျိုးဆက်သစ်လူငယ်များနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ လူငယ်နှင့်စာဖတ်ခြင်းတို့ ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံး ကာယဆရာမ ဒေါ်ခင်သူဇာစုက ကာယပညာဆိုတာ ခေါင်း၊ ခါး၊ ခြေ၊ လက် လှူပ်ရှားခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးထွန်းထွန်းဝင်းက အားကစားအမျိုးအစားများအကြောင်းနှင့် "ကိုယ်ခံစွမ်းအားမြှင့်တင်ရေး အားကစား ပုံမှန်လှုပ်ရှားပေး" ဆောင်ပုဒ်အတိုင်း လေ့ကျင့်ကြဖို့ ဟောပြောခဲ့သည်။ ထို့နောက် အောက်ပိုင်း အ.ထ.က(ခွဲ)ကျောင်းသို့ ဘောလုံး (၁)လုံးပေးအပ်ရာ အထက်တန်းပြဆရာ ဦးအောင်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)