အမာ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ ညနေ (၃)နာရီက အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲ(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး နော်လေးလီယန်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပတ်သက်ပြီး လူကုန်ကူးမှုပေါ်ပေါက်လာပုံ၊ လူကုန်ကူးခံရသည့် အကြောင်းအရင်းများ၊ မိမိတို့၏ဘဝတွင် လူကုန်ကူးမှုမခံရစေရန်၊ မိမိကိုယ်ကို ကာကွယ်တတ်ရန်နှင့် လူကုန်ကူးခံရပါကလည်း မိမိ၏လူမှုဝန်းကျင်တွင် ပုံမှန်ပြန်လည် နေထိုင်နိုင်ရန်အတွက် လိုအပ်သော သတင်းအချက်အလက်များ ရရှိရန်ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အငယ်တန်းစာရေး နော်အေးအေးသက်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေမှ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ခြင်းအကြောင်းများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းနှင့် (Talk Show) ဆောင်ရွက်နေမှုကို အမာမြို့ရုံး ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အမာ(ပြန်/ဆက်)