အောင်မြေသာစံ ဇွန် ၄
နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်များကို အကောင်အထည်ဖော်သည့်အနေဖြင့် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မြှင့်တင်ရေးတစ်ရပ်အဖြစ် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် Mandalay University of Foreign Languages-MUFL) နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Altai State Pedagogical University of the Russian Federation-ASPU) တို့ ပူးပေါင်းကျင်းပသော ပညာရေးဆိုင်ရာနှင့် နည်းစနစ်ပိုင်းဆိုင်ရာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်(MUFL)တွင်ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှပါမောက္ခချုပ် ဒေါက်တာတင့်တင့်၊ ပါမောက္ခ (ဌာနမှူး)များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Altai State Pedagogical University of the Russian Federation ပါမောက္ခနှင့် တွဲဖက်ပါမောက္ခ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Altai State Pedagogical University of the Russian Federation ပါမောက္ခတို့က တက္ကသိုလ်ပင်မဆောင်ရှေ့တွင် အခမ်းအနား ပထမပိုင်း အစီအစဉ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်ရှိယဉ်ကျေးမှု ပြခန်းသို့သွားရောက်၍ တရုတ်၊ ထိုင်း၊ ဂျာမန်၊ ကိုရီးယား၊ ဂျပန်၊ ရုရှား၊ ပြင်သစ်၊ အင်္ဂလိပ်၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုပြကွက်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
၄င်းနောက် သီရိရတနာခန်းမတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ တွင် ယခုမန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Altai State Pedagogical University (ASPU)တို့၏ ပညာရေး ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသူများအား ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ်က ရုရှားဘာသာစကားကို နိုင်ငံတကာဘာသာစကားအဖြစ် သင်ကြားရာတွင် ခေတ်မီ သင်ကြားရေးနည်းစနစ်များ အသုံးပြုနိုင်စေရန်နှင့် ရုရှားဘာသာစကားဆိုင်ရာ ဆက်သွယ်ပြောဆိုမှုနည်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ရုရှားဘာသာ ကျောင်းသား၊ ကျောင်းသူများက ပါရားညာ ရုရှားရိုးရာအကနှင့် ကာလင်းကာ ရုရှားရိုးရာကျေးလက်အကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြကြောင်း၊ ဇွန် ၁ဝ ရက်အထိ ဖွင့်လှစ်ပို့ချမည့် ရက်တိုသင်တန်းများတွင် ဆရာ၊ ဆရာမများအတွက် သင်ကြားနည်းဆိုင်ရာသင်တန်း၊ မဟာတန်းကျောင်းသား၊ ကျောင်းသူများအား သင်ခန်းစာပို့ချချက်ဆိုင်ရာ သင်တန်း၊ ရုရှားဘာသာစကားစတင်လေ့လာသူများအတွက် အခြေခံရုရှားဘာသာရပ်ဆိုင်ရာ သင်တန်းများပါဝင်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ)