ကြံခင်း မေ ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆင်းရဲမှုလျော့ချရေးနှင့် လူထုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းကျေးရွာများအား မေ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့်မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်တို့က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်းက ၂၀၂၅ - ၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာတွင် အဓိကအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် အခမ်းအနားပထမပိုင်းအား ပြီးမြောက်ခဲ့သည်။ ထို့နောက် အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ပြုလုပ်ရာ မြစိမ်းရောင်စီမံကိန်းကျေးရွာ ယူနှစ် ၈၄ ရွာ၊ လုပ်ငန်းအဖွဲ့ ၉၈ ဦးတို့က လုပ်ငန်းဆောင်ရွက်မှု အားနည်းချက်များ၊ အားသာချက်များအား အသီးသီးအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင် (ဇလွန်-၂)၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြစိမ်းရောင်စီမံကိန်းကျေးရွာကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)