နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် SMU ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း ရွာလယ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးစီးကြီးကြပ်မှုဖြင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency)နှင့် ပူးပေါင်းဆောင်ရွက်သော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း(လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ) ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာအုပ်စု အင်းကုန်း(တောင်ရွာ)တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက SMU ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းရန်ပုံငွေဖြင့် နတ်မောက်မြို့နယ်၊ အင်ကုန်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်စွမ်းဆောင်ရည်မြှင့်တင်ရေးအပိုင်း၊ လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်း၊ ဝင်ငွေတိုးတက်ရေးကဏ္ဍကြီး (၃)ရပ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး အင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရန်နိုင်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဧရာမင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုနှင့် အင်းကုန်း(တောင်)ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်တို့က ရွာလယ်ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှ ကျေးရွာအတွင်း ရွာလယ်လမ်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ခဲ့ရာ လမ်းအရှည် ၇၈၀ ပေ၊ အကျယ် ၁၂ ပေနှင့် အမြင့် ၆ လက်မရှိပြီး ကွန်ကရစ်လမ်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းရန်ပုံငွေ (၁၂၆)သိန်းနှင့် ကျေးရွာထည့်ဝင်ငွေ သိန်း (၈၀)ဖြင့် ဆောာင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ် အင်းကုန်း(တောင်)ကျေးရွာအတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများမှာ  ယခင်က အဆိုပါလမ်းမှာ မြေသားလမ်းဖြစ်သည့်အတွက် မိုးရာသီကာလတွင် လမ်းများပျက်စီးမှုများရှိပြီး သွားလာရေးအဆင်မပြေမှုများရှိခဲ့ကာ ယခုကဲ့သို့ လမ်းများကို အဆင့်မြှင့်တင် ကွန်ကရစ်လမ်းပြုလုပ်ပေးခြင်းကြောင့် ကျေးရွာရှိ ပြည်သူများအနေဖြင့် သယ်ယူပို့ဆောင်ရေး အဆင်ပြေမည်ဖြစ်ပြီး စီးပွားရေး၊ ကျန်းမားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများအတွက် ရာသီမရွေး အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ကျေးရွာရှိပြည်သူများထံမှ သိရသည်။

လှဝင်း