မလှိုင်မြို့နယ်ရုံး ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မလှိုင်  ဖေဖော်ဝါရီ  ၂၀

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းက ဦးစီးဌာနမှ နိုင်ငံတော်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို နေရာအနှံ့တွင်ကျင်းပ လျက်ရှိကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့်အလေ့ကျင့်ကောင်းများရရှိ စေရေး၊ စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတများရရှိလာမည့် အသိပညာများကို နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်ထောင့်တစ်နေရာမှ တာဝန်ယူနိုင်မည်ဖြစ်ကြောင်း၊ စာပေဖတ်ရှုရာတွင်လည်း အသိပညာများရရှိစေမည့် စာအုပ်စာပေများကိုသာ ရွေးချယ်ဖတ်ရှုရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့  စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးရသည့်အတွက် ကျောင်းသားကျောင်းသူလူငယ်များ အနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး လူကောင်းလူတော်များဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။ ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲလာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်နှင့် ခဲတံများဝေငှပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)