ပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံဘုရားပွဲတော်ဖွင့်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ပုသိမ်ကြီး ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ (၇၈)ကြိမ်မြောက် သစ္စာဓိဋ္ဌာန်ရွှေစာရံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကော်မတီဝင်များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ကြသည်။

ဦးစွာ ရွှေစာရံဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေး ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရွှေစာရံဘုရား ဂေါပက ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆောင်ရွက်ရမည့်လုပ်ငန်းများအား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါပွဲတော်ကြီးသည် အထက်မြန်မာပြည်၏ အထင်ကရပွဲတော်တစ်ခုဖြစ်ပြီး ရှေးသမိုင်းဝင် မိဖုရား ရှမ်းမင်းသမီး အစ်မတော် စောမွန်လှ တည်ထားခဲ့သော စေတီတော်ကြီးဖြစ်ပြီး ယခုနှစ်တွင် တပေါင်းလဆန်းမှ စတင်ကျင်းပလျက်ရှိသည်။ ဘုရားပွဲတော်ကြီးတွင် ရှမ်းပြည်နယ်ထွက် ဆေးဖက်ဝင်ပစ္စည်းများ၊ ဒေသစားသောက်ကုန်များ၊ ရိုးရာမုန့်အမျိုးမျိုး၊ အမှတ်တရပစ္စည်းများအပြင် အပန်းဖြေလည်ပတ်စရာနေရာများရှိသောကြောင့် မန္တလေးမြို့ခံများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ဇာနည်ကိုကို ပြန်/ဆက်