နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဘေးအန္တရာယ်ဖြစ်ပွားပါက အလျင်အမြန် တုံ့ပြန်နိုင်ရေး မီးသတ်စခန်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး၊ မီးလောင်မှု Levl-2  ငြိမ်းသတ်သရုပ်ပြလေ့ကျင့်မှုအား ကြည့်ရှုအားပေးပြီး ဒေသဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပျဥ်းမနားမြို့နယ် မီးသတ်စခန်းသို့ သွားရောက်ပြီး ပြည်သူလူထုအား မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်နှင့် အခြားမတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် အသင့်ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မီးငြိမ်းသတ်ရေးပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်‌ရေးသုံးပစ္စည်းကိရိယာများ၊ မီးငြိမ်းသတ်ယာဉ်များနှင့် ရေသည်ယာဉ်များ အသင့်ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ တိုးတက်ပြောင်းလဲလာသည်နှင့်အတူ နည်းပညာ၊ လုပ်နည်းစနစ်များ ယှဉ်တွဲလိုက်ပါ ပြောင်းလဲလာခြင်းကြောင့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ခေတ်နှင့်အညီ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်အတွက် ထိရောက်ထက်မြက်သည် စွမ်းဆောင်ရည်များပြည့်ဝအောင် ဆည်းပူးလေ့လာပြီး လေ့ကျင့်မှုမပြတ်ဆောင်ရွက်ထားကြရန်၊ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက်ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ရပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် အကောင်အထည်ဖော် တုံ့ပြန်ဆောင်ရွက်နိုင်ရန် နည်းပညာများ၊ လူအင်အား၊ စက်ယန္တရားများ၊ ပစ္စည်းကိရိယာများပြင်ဆင်ထားရှိခြင်း၊ မြို့နယ်အလိုက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ခြင်း၊ မိမိတို့စွမ်းအားစုများကို အမြဲအသင့်ဖြစ်စေရေးအတွက် စီမံဆောင်ရွက်ထားရန်တို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ ပျဉ်းမနားမြို့၊  ရန်အောင်(၂)ရပ်ကွက်၊  ရန်နိုင်ရပ်၊ နယ်မြေ ၁၆ ရှိ  မီးလောင်ပြင်တွင် ပါဝင်ခဲ့သည့် အိမ်ထောင်စုများ အတွက် မြေနေရာချထားမည့် အခြေအနေအား ခရိုင်မြေနေရာချထားရေးကော်မတီဥက္ကဋ္ဌ၊  ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်၊ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးနေဦးက ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ နေပြည်တော်မြို့မစျေး၌ နေပြည်တော် မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြတ်သီဟ ဦးစီး၍ မီးသတ်တပ်ဖွဲ့၀င် စုစုပေါင်း ၈၅ ဦးမှ အထောက်အကူပြု မီးသတ်ရေယာဉ် ၁၅ စီးဖြင့် မီးလောင်မှု Levl-2 အား ငြိမ်းသတ်သရုပ်ပြလေ့ကျင့်မှုနှင့် ဈေးသူ၊ ဈေးသားများအား လက်တွေ့မီးငြိမ်းသတ်နည်း သရုပ်ပြသနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး သရုပ်ပြပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂) သို့ ရောက်ရှိပြီး ဧည့်ရိပ်သာအတွင်း ၂၀၂၆ ခုနှစ် လွှတ်တော်ကိုယ်စားလှယ်များအတွက် နေရာချထားမည့် အဆောင်များ ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လွှတ်တော်ကိုယ်စားလှယ်များအား ထားရှိရန် အိပ်ဆောင်များလျာထားမှု၊ အိပ်ခန်းအတွင်းအပြင် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုရန်ပုံငွေဖြင့် ပျဉ်းမနားမြို့နယ်၊ အဟာရသုခဈေးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် လူအင်အား၊ စက်ယန္တရား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထား ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရယ် ခံနိုင်ရည်ရှိအောင် တည်ဆောက်ရေးတို့ကို မှာကြားခဲ့ပြီး ထိုမှတစ်ဆင့် ပျဉ်းမနားမြို့နယ် ရွှေချီ (၉) လမ်းရှိ ရာဘာဆည်အမှတ်(၅) ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)