ကျောင်းကုန်းမြို့ အ.မ.က(ပိန်းမြောင်ကြီး)ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကျောင်းကုန်း ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှေကွဲလဟာအုပ်စု၊ ပိန်းမြောင်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညို၊ ဒေါင့်ကြီးနယ်မြေစခန်းမှူး ရဲအုပ်စေးဌေး၊ လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးအောင်ကျော်မြင့်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

အခမ်းအနားဒုတိယပိုင်းအစီအစဉ်အရ အခမ်းအနားကို မြန်မာ့ကျောင်းသီချင်း သီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်ပညာရေးမှူး ဦးကျော်လှိုင် ကယခုအဆောက်အဦသစ်တွင် ကျောင်းသား/ သူများ လုံခြုံမှုရှိ၍ အေးချမ်းသာယာစွာဖြင့် ပညာသင်ကြားနိုင်‌တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာမြင့်က ဝမ်းမြောက်စကား ပြောကြားခဲ့ပြီး၊ ကျောင်းအကျိုးဆောင် ဦးအုန်းမြင့်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/သူလေးများက အကများဖြင့် ဖျော်ဖြေကပြခဲ့ကြသည်။

အဆိုပါကျောင်းဆောင်သစ်သည် အလျား၁၂၀ ပေ၊ အနံ ၃၀ ပေ၊ R C (၁)ထပ်ဖြစ်ပြီး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်း(၃၀၅.၂၉၆)ဖြင့် "လင်းရောင်ထက်" ကုမ္ပဏီက တာဝန်ယူကာ တည်ဆောက်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)