နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့၌ ကျင်းပသည့် (၅၁)ကြိမ်မြောက်၊ မိုဃ်းကောင်းဘုရားကြီး“ဆွမ်းဆန်တော် လောင်းလှူပွဲ" နှင့် နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ မိသားစုများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက်မှ မိုဃ်းကောင်းဘုရားကြီးရင်ပြင်အထိ ကျင်းပသည့် (၅၁)ကြိမ်မြောက်၊ မိုဃ်းကောင်းဘုရားကြီး “ဆွမ်းဆန်တော်လောင်းလှူပွဲ" အခမ်းအနားကို တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇနီးဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လှူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့်စုပေါင်း၍ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ စာအောင်သံဃာ၊ ကျောင်းတိုက်ပင့်သံဃာ၊ စာအောင်သီလရှင်စုစုပေါင်း (၃၆၉) ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေတို့ကို လောင်းလှူခဲ့ကြပြီး ဆွမ်းဆန်တော် လောင်းလှူပွဲကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ မိသားစုများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ နေပြည်တော်ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်များ၊ တွဲဖက်အတွင်းရေးမှူး၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ အရာထမ်း/ အမှုထမ်းများနှင့်အတူ တက်ရောက်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာကိုယ်စားပြုအသင်း ၁၈ သင်းတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာအတိုင်း တပျော်တပါး အားကြိုးမာန်တက် ထမနဲထိုး ယှဉ်ပြိုင်နေမှုနှင့် ဝန်ထမ်းများ အိုးစည်၊ ဒိုးပတ်များဖြင့် တီးမှုတ်ကခုန်၍ ပျော်ရွှင်စွာယှဥ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှု အားပေးပြီး ဧည့်ခံဖျော်ဖြေပေးသည့် အိုးစည်၊ ဒိုးပတ်ဝိုင်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က ပူးတွဲပထမဆုရရှိသည့်အသင်းများကိုလည်း‌ကောင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များက ထမနဲထိုးပြိုင်ပွဲတွင် ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသည့်အသင်းများအား ဂုဏ်ပြုဆုများကိုလည်းကောင်း အသီးသီး  ပေးအပ်ခဲ့ကြောင်းသိရသည်။

ထမနဲထိုးပွဲသည် မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီပွဲတော်များထဲမှ တစ်ခုဖြစ်သည့် တပို့တွဲလ၏ trade mark တစ်ခုပင်ဖြစ်ကြောင်း၊ မြန်မာတို့ရဲ့ အစဉ်အလာဖြစ်သည့် တပို့တွဲလ ထမနဲပွဲတော်ကို ရှေးယခင်ကပင် ကျင်းပဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ မြန်မာ့ရိုးရာအစားအစာဖြစ်သည့် ထမနဲကို မွန်မွန်မြတ်မြတ်စုပေါင်းပြုလုပ်ပြီး ဘုရားဆွမ်းတော်ကပ်လှူခြင်း၊ သံဃာတော်များထံ ဆက်ကပ် လှူဒါန်းခြင်း၊ ကုသိုလ်ဖြစ် ကျွေးမွေးခြင်းတို့မှာ အစဉ်အလာမပျက် ပြုလုပ်ခဲ့တဲ့ မြန်မာတို့ရဲ့ ကြည်နူးဖွယ်ဓလေ့တစ်ခုဖြစ်ပြီး မြန်မာ့ရိုးရာထမနဲပြိုင်ပွဲများကို နိုင်ငံအဝန်း ဒေသအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်လည်း နေပြည်တော်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကလည်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ကျင်းပလျက်ရှိကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)