ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၁

ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ သဘာဝ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်သည်။

ဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက ကျောင်းသား/ကျောင်းသူများနှင့် လူငယ် လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေ့မြတ်များကို မမေ့လျော့စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ဗဟုသုတအစဉ်အမြဲ ရှာဖွေလိုစိတ်ရှိစေရန် ရည်ရွယ်၍ ယခုကဲ့သို့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ သဘာဝကပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပင်လုံစာချုပ်၏ အနှစ်သာရနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ စည်းလုံးညီညွတ်မှုကြောင့် ရရှိလာသည့် လွတ်လပ်ရေးအသီးအပွင့်များကို ကျောင်းသား/သူများ နားလည်လွယ်စေမည့် အခြင်းအရာများဖြင့် ကဏ္ဍစုံလင်စွာ ဟောပြောခဲ့ပြီး ဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုလက်ဆောင်များ ပေးအပ်ခဲ့သည်။

အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)