နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ခံခဲ့ရသည့် ဘုရားစေတီနှင့် သာသနိကအဆောက်အဦများ ပြုပြင်နေမှုကြည့်ရှု၊ နွေစပါးမျိုးစေ့နှင့် သွင်းအားစု ဖြန့်ဖြူးပေးအပ်ပွဲ တက်ရောက်၊ နွေစပါးစိုက်ပျိုးရေပေးဝေမှုကြည့်ရှု

တပ်ကုန်း ဇန်နဝါရီ ၃၀

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ချမ်းမြေ့မြိုင်ရိပ်သာကျောင်းတိုက်တွင် ငလျင်ဘေးကြောင့် ထိခိုက်ခံခဲ့ရသည့် သာသနိကအဆောက်အဦများအား အလှူရှင်၊ စေတနာရှင်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းတိုင်ဆရာတော် ဘဒ္ဒန္တဣန္ဓကအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ရေအေးကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ (KC)ခန်းမသို့ရောက်ရှိ၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်း၊ စပါးမျိုးစေ့ကုမ္ပဏီမှ တာဝန်ရှိသူတို့က နွေစပါးမျိုးစေ့နှင့် သွင်းအားစုဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်းတင်ပြ၍လည်းကောင်း၊ တက်ရောက်လာသည့် နွေစပါးစိုက်တောင်သူများက နွေစပါးစိုက်ပျိုးမှု၊ ကုန်ထုတ်လမ်းနှင့် ရေသွယ်မြောင်းပျက်စီးမှုများ ရှင်းလင်းတင်ပြ၍လည်းကောင်း၊ နေပြည်တော် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က ရွှေဘိုပေါ်ဆန်မွှေးစပါးစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းရရှိမှုများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က တင်ပြမှုများနှင့် စပ်လျဉ်းသည့်အကြောင်းများ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြီးနောက် မျိုး မြေ၊ ရေ၊ နည်းဟန်ချက်ညီ စိုက်ပျိုးနိုင်ရေးအတွက် မြေဆီလွှာစစ်ဆေးခြင်း(Soil test)လုပ်ပြီး မြေပြင်တွင် သီးနှံများတိုက်ရိုက်စိုက်ပျိုးနိုင်ရေး၊ စပါးစိုက်ပျိုးရာတွင် ဓာတုဓာတ်အချိုးအစားများ စနစ်တကျထည့်သွင်းစိုက်ပျိုးနိုင်ရေး၊ သဘာဝမြေသြဇာများအသုံးပြုရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများ ကျယ်ပြန့်စွာသိရှိနိုင်ရေး ပညာပေးစမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိရိုးဖလာစိုက်ပျိုးနည်းထက် အဆင့်မြင့် စိုက်ပျိုးနည်းပညာစက်မှုလယ်ယာစနစ်နည်းများ စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးနိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် နွေစပါးစိုက်တောင်သူများ လက်ဝယ်အရောက် မျိုးကောင်း၊ မျိုးသန့် စပါးမျိုးစေ့များနှင့် သွင်းအားစုများ ဖြန့်ဖြူးပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ အင်ဖက်ကုန်းကျေးရွာ၊ စက်မှုလယ်ယာစနစ်ကျလယ်မြေ ၁၂၃ ဧက နွေစပါးစိုက်ပျိုးရေ ပေးဝေထားရှိမှုနှင့် လယ်မြေများ ထွန်ယက်ပြင်ဆင်နေမှုများ ကြည့်ရှုကာ လိုသည်များအား သက်ဆိုင်ရာတာဝန်ရှိသူများကို ရှင်းလင်းမှာကြားခဲ့ပြီးနောက် ဗိုလ်မင်းရောင်ရပ်ကွက်၊ မိုဃ်းကောင်းဆုတောင်း ပြည့်ဘုရားဝန်းအတွင်း ငလျင်ဘေးကြောင့် ထိခိုက်ခံခဲ့ရသည့် ဂြိုဟ်ပြေ၊ နံပြေတံခွန်တိုင်နှင့် စေတီပုထိုးများ ပြုပြင်မွမ်းမံဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ သက်ဆိုင်ရာတာဝန်ရှိသူများကို ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်