ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

ဇမ္ဗူသီရိ ဇန်နဝါရီ ၃၀

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာကြည့်တိုက်လုပ်ငန်းများ အောင်မြင်ရေး၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာကြည့်တိုက်ကို အားကိုးအားထားပြုတတ်စေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်စေရေး၊ စာကြည့်တိုက်လုပ်ငန်းများကို စနစ်တကျဆောင်ရွက်တတ်စေရေး၊ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်ကော်မတီဝင်များက ရပ်ကွက်/စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။ ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်များအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)