နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တက်ရောက်ခဲ့သည့် နေပြည်တော်ကောင်စီ လူငယ်ကိုယ်စားလှယ်များမှ ဖိုရမ်အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၂၉

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တက်ရောက်ခဲ့သည့် နေပြည်တော်ကောင်စီ လူငယ်ကိုယ်စားလှယ်များမှ ဖိုရမ်အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်လူငယ်ရေးရာကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်ခဲ့ကြသည့် နေပြည်တော်ကိုယ်စားပြု လူငယ်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနား တက်ရောက်လာကြသူများမှ နိုင်ငံတော်အလံအား အလေးပြုပြီး “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လူငယ်များပါဝင်မှု မြှင့်တင်ခြင်း" Video Clip အား ပြသခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် အခမ်းအနားကို တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများသည် နောင်အချိန်တွင် နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်အောင် ဖန်တီးတည်ဆောက်နိုင်ကြမည့် တိုင်းပြည်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံ၏ သမိုင်းကြောင်းအမှန်ကို သိရှိရန် လိုသကဲ့သို့၊ ငြိမ်းချမ်းရေး၏တန်ဖိုးရှိမှုကို ငယ်စဉ်ဘဝကတည်းက သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင်  ယနေ့လူငယ်များ၏ အတွေးအခေါ်အမြင်သစ်များသည် ငြိမ်းချမ်းရေးခရီးလမ်းအတွက် အင်အားအသစ်တွေကို ဖြစ်စေမှာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပပေးတာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ အလွှာပေါင်းစုံလူငယ်၏ ရင်ထဲကအသံတွေကို စုစုစည်းစည်း တစ်ပြိုင်တည်း မှတ်တမ်းတင်နိုင်ခဲ့သည့် ဖိုရမ်တစ်ခုဖြစ်ကြောင်း၊ ယခုလို လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို နေပြည်တော်ကိုယ်စားပြု တက်ရောက်ခဲ့သည့် လူငယ်တွေအနေဖြင့် ဖိုရမ်၏ ဆွေးနွေးမှုတွေ၊ နိုင်ငံအတွက် အနှစ်သာရရှိသော ရက်တွေကို ကိုယ်တိုင်ပါဝင် ဆွေးနွေးခွင့်ရခဲ့ပြီး ရရှိလာသည့် အတွေ့အကြုံတွေကို ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူ လူငယ်တွေကို ထပ်ဆင့်မျှဝေပေးကြမှာဖြစ်ကြောင်း၊ လူငယ်ကိုယ်စားလှယ်တွေအနေနှင့်လည်း မိမိတိုင်းပြည်အတွက် ငြိမ်းချမ်းရေးကို လူငယ်တွေ အနေအနေဖြင့် ဘယ်လိုပူးပေါင်းရမည်၊ ငြိမ်ချမ်းရေးအတွက် လူငယ်များသည် မဖြစ်မနေ ပါဝင်သင့်ကြောင်း၊ ငြိမ်းချမ်းရေးတွင် လူငယ်တွေ ဘယ်လိုအချက်တွေကို ဖော်ထုတ်ခဲ့ကြသည့် စသည့် အတွေ့အကြုံကောင်းတွေကို ပြန်လည်မျှဝေလက်ဆင့်ကမ်းရာမှာ အကောင်းဆုံးဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းပြည်၏ အနာဂတ်ဟာတည်ငြိမ်အေးချမ်းပြီး နိုင်ငံဖွံ့ဖြိုးရန်အတွက် နောင်တချိန် တိုင်းပြည်၏တာဝန်ကို ပခုံပြောင်းလွှဲယူမည့် လူငယ်တွေအနေဖြင့် ငြိမ်းချမ်းရေးတန်ဖိုးကို ယခုကတည်းက သိရှိနားလည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ပြီး နိုင်ငံတော်ကြီး ယခုထက် ပိုမိုအေးချမ်းသာယာသည့်  နိုင်ငံတစ်ခုဖြစ်အောင် တည်ဆောက်နိုင်ကြသည့် လူငယ်တွေဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကိုယ်စားလှယ်များအား ဂုဏ်ပြုဆုပေးအပ်ပြီး နေပြည်တော်လူငယ်ကိုယ်စားလှယ် (၁၀)ဦးက မိတ်ဆက်ကာ အုပ်စုလိုက် ဆွေးနွေးမှုမှတ်တမ်းအား ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ လူငယ်ကိုယ်စားလှယ်များ၏ ဖိုရမ်တက်ရောက်လှုပ်ရှားမှု Video Clip အား ပြသပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တွင် ဆွေးနွေးသည့် ခေါင်းစဉ်အနှစ်ချုပ်အား တင်ပြကာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး “လူငယ်အားမာန် တိုင်းပြည်အဖိုးတန်”သီချင်းဖွင့်လှစ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်  ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ်  (၈-က) သို့ သွားရောက်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ကောင်စီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် (၄)ခန်းတွဲ၊ (၄) ထပ် အမှုထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီးတည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် လူအင်အား၊ စက်ယန္တရား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ငလျင်အပါအဝင် သဘာဝဘေး အန္တရာယ်ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)