ငါန်းဇွန် ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမိုးအောင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမိုးအောင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၅၃) ဦးအား ကျန်းမာရေး စောင့်ရှောက်မှုများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများကို သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းနှင့် အထွေထွေကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးခဲ့ပြီး ဆေးဝါးနှင့်ကုသခြင်းကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမဲ့ဆေးကုသမှုများကို လစဉ်ပင်စင်ထုတ်ရက်များတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမိုးအောင်ထံမှ ကြားသိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)