တောင်နံ့သာ အခြေခံပညာမူလတန်းကျောင်း၌ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေး

ကျောက်ဆည် ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်သူများဖြစ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ ပိုင်းက တောင်နံ့သာ အခြေခံပညာမူလတန်းကျောင်း၌ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်ဇာမင်းက လူသားတိုင်းအတွက် ကျန်းမာခြင်းသည်အဓိကဖြစ်ပြီး ကြိုတင်ကာကွယ်ခြင်းသည်ကုသခြင်းထက် ပိုမိုထိရောက်သည့်အတွက် တစ်ကိုယ်ရည် သန့်ရှင်းရေး၊ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို ကျောင်းသားကျောင်းသူများအနေဖြင့် အစဉ်အမြဲလုပ်ဆောင်သွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်က ရာသီအလိုက်ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ခရိုင်တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ဆွေဆွေမြင့်နှင့်ဝန်ထမ်းများက အဆိုပါကျောင်းရှိ ဆရာမ ၃ ဦး၊ ကျောင်းသား ၃၀ ဦး၊ ကျောင်းသူ ၄၂ ဦး စုစုပေါင်း ၇၅ ဦးတို့အား အခမဲ့ ကျန်းမာရေးစစ်ဆေးခြင်းနှင့်ကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)