ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး မုန့်ပေါင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသ

ကျောက်ဆည် ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက မုန့်ပေါင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မုန့်ပေါင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးနိုင်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်သောကြောင့် ဟောပြောသည့်အကြောင်းအရာများကို သေသေချာချာ မှတ်သားထားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက “ပညာရွှေအိုးလူမခိုး”၊ “ကျောင်းသားနှင့်ကျန်းမာရေး” စသည့် အကြောင်း အရာများကို ဟောပြောခဲ့သည်။

အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ အရွယ်မရောက်သေးသူကလေးငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေး၊ ကလေးအလုပ်သမားစသည့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါ ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)