ပြည်ကြီးတံခွန် ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၁) အခြေခံပညာအလယ်တန်းကျောင်း၌ ဗလငါးတန်နှင့် ပြည်စုံစေသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ယနေ့နံနက် ၁၀ နာရီက လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကားဝိုင်းများ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး အမှတ်(၂၁) အခြေခံပညာအလယ်တန်းကျောင်းရှိ လူငယ်စကားဝိုင်းဆွေးနွေးပွဲမှ Grade-8ကျောင်းသား မောင်ကောင်းခန့်ကြွယ်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်ရဲဇော်ထွန်းက လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 ကျောင်းသား မောင်ကောင်းမြတ်သူက လူငယ်နှင့်Social Media ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့် လူငယ် စကားဝိုင်း ဆွေးနွေးပွဲမှ ကျောင်းသား၊ ကျောင်းသူလေးများက ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့သို့ လူငယ်စကားဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်အား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)