ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ မွမ်းမံသင်တန်း အခမ်းအနားကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ မွမ်းမံသင်တန်းအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲ ချယ်ရီစူပါစိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက မဲရုံမှူး၊ ဒုတိယမဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများအား မဲရုံအမှတ်အသားလမ်းညွှန်များ တားမြစ်ချက်များကပ်ထားမှု ရှိမရှိစစ်ဆေးရန်၊ မဲပေးစက်များကို စနစ်တကျတပ်ဆင်စစ်ဆေးရန်၊ ပါတီကိုယ်စားလှယ်လောင်းများ လာရောက်ပါက လည်ဆွဲကတ်များကော်မရှင်မှထုတ်ပေးသော တံဆိပ်များ ပါမပါစစ်ဆေးရန်၊ မဲပုံများတွင် လုံခြုံရေးကြိုးများ စနစ်တကျဆောင်ရွက်ထားရှိရန်နှင့် မဲရုံစီမံခန့်ခွဲမှုလုပ်ငန်းက အလွန်အရေးကြီးကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက လိုအပ်သည်များ ထပ်မံမှာကြားခဲ့သည်။ ဆက်လက်၍ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ မွမ်းမံသင်တန်း အခမ်းအနားဒုတိယပိုင်းကိုကျင်းပရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးသက်နိုင်က မဲရုံတွင်ဖြည့်သွင်းရမည့်ပုံစံများအား ထပ်ဆင့်ဆွေးနွေးပေးခဲ့ပြီး ခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးသက်ဆွေဦးက ရွေးကောက်ပွဲအားသာချက် အားနည်းချက်များ ဆွေးနွေးခြင်း၊ နည်းပညာအဖွဲ့မှ မဲပေးစက်နှင့်ပက်သက်၍ ရှင်းလင်းဆွေးနွေးပေး ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆရာကြီး/ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)