ပုသိမ် ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက်အသိပေးဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေနဲ့ ပုံမှန်ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းစေရန်အတွက် အသက် (၁) နှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၊ အသက် (၅) နှစ်အောက်ကလေးငယ်များတွင် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွား၊ သေဆုံးမှုမှ လျော့ချရန်ရည်ရွယ်ပြီး Big Catch-up၊ Routine Catch-up နည်းလမ်းများဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ အသက်(၁၅)နှစ်အောက်ကလေးများကို လိုအပ်သောကာကွယ်ဆေးများအား အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး လုပ်ငန်းများ (Special Immunization Activities)၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားချိန်တွင် တုံ့ပြန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ (Outbreak Response Immunization) စသည်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်း ဆီသို့ရောက်ရှိအောင်နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထပ်မံပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကျောင်းနေအရွယ် KG ကလေးငယ်များအား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း၊ အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များကို ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု HPVကာကွယ်ဆေးထိုးလုပ်ငန်း၊ ကျန်းမာရေးဝန်ထမ်းများအား နှစ်စဉ်ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းများကိုလည်း Life Course Approach ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုထပ်မံတိုးမြှင့် အားဖြည့် ဆောင်ရွက်မည့်အစီအစဉ်များသည် အခြေခံအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲခဲ့သည့်အမျိုးသားကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ မဟာဗျူဟာ (၂၀၂၅-၂၀၂၉) ခုနှစ်တွင် ဖော်ထုတ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ သွားလာရန်ခက်ခဲသည့်ဒေသများ၊ နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် သွားရောက်နိုင်သည့်ဒေသများ၊ လူနေထူထပ်ပြီးရွှေ့ပြောင်းလူဦးရေများသည့် မြို့ပေါ်ဆင်ခြေဖုံးရပ်ကွက်များ၊ သွားလာရခက်ခဲသောဒေသများက ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားလုံးကို လိုအပ်သည့်ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံတိုက်ကျွေးနိုင်ရေးအတွက် ယခုအစည်းအဝေးကို တက်ရောက်လာကြသူများရဲ့ အကြံပြုချက်များ၊ ပံ့ပိုးကူညီမှုများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် နိုင်ငံ့အနာဂတ်အတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လာကြမည့် နိုင်ငံတစ်ဝန်းတွင် နေထိုင်သည့်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ အားလုံးထံသို့ လိုအပ်သော ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ထိုးနှံတိုက်ကျွေးနိုင်ရေးအတွက် ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအားလုံးကို ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းများမှာလည်း အားသွန်ခွန်စိုက် ထပ်မံပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ အောင်မြင်မှုများ၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ တိုးချဲ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အဓိကရည်ရွယ်ချက်များ၊ အထူးဦးစားပေးအနေဖြင့် ဆောင်ရွက်ခဲ့မှုများ၊ ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါဖြစ်ပွား၊ သေဆုံးမှုအား ကာကွယ်နိုင်သည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအားရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အသိပညာပေးဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)