ကြံခင်းမြို့နယ်၊ အ.မ.က(အင်းလပ်ရှေ့)ကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ

ကြံခင်း ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း(အင်းလပ်ရှေ့)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းရှေ့ကွင်းပြင်၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို Grade-5 ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဆရာကြီးဦးတိုးတိုးတို့က ယခုလို ကျောင်းသား၊ မိဘစုံညီစွာဖြင့် စည်ကားသိုက်မြိုက်စွာ တွေ့ရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကလည်း လာမည့်နှစ်တွင် ဒီထက်မကထူးချွန်ဆုများ ပိုင်ဆိုင်နိုင်ကြအောင် ကြိုးစားသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာကြီး ဦးစောသန်းနိုင်နှင့် ကျောင်းအကျိုးတော် ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးတို့က စုံညီပွဲတော် ကျင်းပရခြင်းပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ဘာသာရပ် ထူးချွန်ဆုရရှိသူများ၊ ကာယ၊ ဉာဏဆုရရှိ သူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ရဲမှူး ကြည်စိုး၊ အဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်၊ လက်ထောက်ပညာရေးမှူး ဆရာကြီးဦးတိုးတိုး၊ ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအကျိုးတောင် ဆောင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိဘများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ဘက်ပေါင်းစုံမှ ထည့်ဝင်လှူဒါန်းပေးကြသည့် အလှူရှင်များအား ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် သီဆိုကပြ ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)