ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချရာ၌ ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ပန်းတနော် ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ‌နော်မြို့တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချရာ၌ ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိ၊ ဆီစာအုပ်များအား စနစ် တကျထုတ်ပေးရေးနှင့်ရရှိလာသော ဆီပိဿာချိန်များအား ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ/မရှိကို ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ မြို့နယ် စားအုန်းဆီလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာများမှတာဝန်ရှိသူများက ပန်းတနော်မြို့မဈေးအတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်အနေဖြင့် နေ့စဉ်စားအုန်းဆီပေပါ ၃၁ ပေပါ၊ တစ်လအနေဖြင့် ၇၇၅ ပေပါ၊ လစဉ်စားအုန်းဆီပိဿာချိန်ပေါင်း ၈၅၂၅၀ ပိဿာ ခွဲတမ်းရရှိပြီး ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိစေရေးအတွက် မြို့နယ်စားအုန်းဆီလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၂ အုပ်စုရှိ အိမ်ထောင်စု တစ်စုကို ဆီစာအုပ် ၁ အုပ်ဖြင့် လက်ကား ကိုယ်စားလှယ် ၂ ဦး၊ လက်လီအရောင်းဆိုင် ၄၀ မှာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပင်စင်စားများ၊ သာရေးနာရေးကိစ္စရပ်များအတွက်လည်း ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)