မိုးညှင်း ဇန်နဝါရီ ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ပင်ရဲလှကျေးရွာ၌ (၉)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွားလာပြီး ဆင်းရဲမှုနှုန်းလျော့ချနိုင်စေရန်၊ မြို့ပြနှင့်ကျေးလက်နေပြည်သူ အဆင့်အတန်း ကွာဟမှုကို လျော့ချနိုင်စေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက အလျဉ်အမြန် တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် အသင်းသား/သူများ အနေဖြင့် အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ပင်ရဲလှကျေးရွာ ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအား (၉)ကြိမ်မြောက် ထုတ်ချေးပေးရာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ (၃၂)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၄) ဦးနှင့် အရောင်းအဝယ်လုပ်ကိုင်သူ (၂၀) ဦး စုစုပေါင်း အသင်းသား/သူ (၅၆) ဦးအတွက် ငွေကျပ် (၄၇၈) သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း