မချမ်းဘောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မချမ်းဘော ဇန်နဝါရီ ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံ စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း(၁၀)ရက်မှ တပို့တွဲလပြည့်နေ့အထိ၊ ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ (၆) ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပရာတွင် တပို့တွဲလဆန်း ၁၀ ရက် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကောင်းမှုလုံစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ တေဇသာလာဓမ္မာရုံတော်တွင် ပွဲတော်ဖွင့်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး မဟာအသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်နှင့် ဥပ်ပါတသန်တိသုတ်ရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်အထိ ဘာဏကသံဃာ ၂၇ ပါးတို့က ကောင်းမှုလုံစေတီတော်အရှေ့မုခ်ဦးတွင် ရွတ်ဖတ်ပူဇော်ကာ ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လည်တွင် ပဒေသာပင်လှည့်လည်ပူဇော်ခြင်း၊ ထမနဲထိုးပွဲ၊ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်သည်။

ထို့နောက် တပို့တွဲလပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက် ၅ နာရီတွင် ကောင်းမှုလုံမုခ်ဦး ဘုရား ၉ ဆူတွင် မသိုးသင်္ကန်း ဆက်ကပ်ပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ ပင့်သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ပဋ္ဌာန်းရေစင်တော်များအား မလိခမြစ်တွင်းသို့ သွန်းလောင်းပူဇော်ခြင်းနှင့် ပဋ္ဌာန်းသိမ်းအောင်ပွဲ ဗုဒ္ဓပူဇနိယ ရေစက်ချ အခမ်းအနားတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ယောရွှေနီ( မချမ်းဘော )