ပူတာအို ဇန်နဝါရီ ၁၇
သမဝါယမနှင့်ကျေးလက်လမ်းဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာချင်းဆက်လမ်းများ သဲကျောက်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေများအား တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း (၈၂၁ ဒဿမ ၀၃၆) သန်းဖြင့် ဆောင်ရွက်သည့် ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာနှင့် ဂျေဂျီဒီကျေးရွာချင်း ဆက်သွယ်ထားသော လမ်းအရှည်(၂)မိုင်အား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ခရိုင်လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း(၄၆၀ ဒဿမ ၄၃၈) သန်းဖြင့် ပူတာအိုမြို့နယ်၊ နမ်ရှယ်ရှီးဒီကျေးရွာနှင့် နမ်ရှယ်စွပ်ကျေးရွာ ချင်းဆက်သွယ်လမ်းအရှည်(၁)မိုင်(၁) ဖာလုံအား သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းကို JSJ ကုမ္ဗဏီက သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း(၇၀)ရာခိုင်နှုန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီး ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဗိုလ်ဗိုလ်ကျော်နှင့် JSJ ကုမ္ဗဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ခရိုင်လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်း စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌက သတ်မှတ်အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို ဆွေးနွေးမှာကြားသည်။
အဆိုပါ ပမ္မတီးကျေးရွာနှင့် ဂျေဂျီဒီကျေးရွာချင်းဆက်လမ်း သဲကျောက်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးခြင်းကြောင့် ကျေးရွာ(၂)ရွာ၊ အိမ်ခြေ(၁၅၂)အိမ်၊ လူဦးရေ(၈၆၈)ဦး၊ နမ်ရှယ်ရှီးဒီကျေးရွာနှင့် နမ်ရှယ်စွပ်ကျေးရွာ ချင်းဆက်လမ်း သဲကျောက်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးပါက ကျေးရွာ(၂)ရွာ၊ အိမ်ခြေ(၁၁၀)အိမ်၊ လူဦးရေ(၅၄၂)ဦးတို့၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)