ထားဝယ် ဇန်နဝါရီ ၁၃
မကြာမီကာလအတွင်း တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများ အဆင်သင့်ကျင်းပနိုင်ရေးအတွက် လွှတ်တော်ရုံး အဆောက်အဦပရိဝုဏ်အတွင်း၊ အပြင် သန့်ရှင်းသပ်ရပ် စနစ်တကျရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများ ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က လွှတ်တော်ရုံးအစည်းအဝေးခန်းမ၊ ဆွေးနွေးပွဲခန်းမ၊ ဧည့်ခန်းမ၊ လွှတ်တော်ကိုယ်စားလှယ်များနားနေဆောင်များအား လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လွှတ်တော်ရုံးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်သာယာလှပစေရေး ဆောင်ရွက်ပေးကြရန်၊ ရုံးသုံးပရိဘောဂပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိ အသုံးပြုရေး၊ ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မကြာမီကာလအတွင်း လွှတ်တော်အစည်းအဝေးများစတင်ကျင်းပမည်ဖြစ်သဖြင့် လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြရန် တာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)