ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် အီလက်ထရောနစ်မဲပေးစက်အသုံးပြုသည့် မဲရုံအတွက် ခင်းကျင်းမှု သရုပ်ပြသခြင်းနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်

ဝိုင်းမော် ဇန်နဝါရီ ၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့အခြေခံပညာအထက်တန်းကျောင်းတေဇခန်းမ၌ ကျင်းပသည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား အီလက်ထရောနစ်မဲပေးစက် အသုံးပြုသည့် မဲရုံအတွက် ခင်းကျင်းမှု သရုပ်ပြသခြင်းနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုရန် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း ၁ ၏ အားနည်းချက်/ အားသာချက်များနှင့်နှိုင်းယှဉ်၍ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင်လိုအပ်ချက်များ မရှိစေရေးအတွက် အီလက်ထရောနစ်မဲပေးစက်များကို ကြိုတင် တပ်ဆင်စစ်ဆေခြင်းနှင့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စေရေး၊ လွယ်ကူ စွာမဲပေးနိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်လေ့ကျင့်ပြင်ဆင် ဆောင်ရွက်ခြင်းသည် အကောင်းဆုံးပင် ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးက ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံအဖွဲ့ဝင်မျာ၏ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ဝိုင်းမော်မြို့နယ်အတွင်း ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကျင်းပမည့် မဲရုံ (၂၉) ရုံအတွက် မဲဆန္ဒရှင်များ၏ မဲစာရင်းအမှတ်စဉ်များ ရှာဖွေရာတွင် အခက်အခဲမရှိလွယ်ကူစေရေးအတွက် မဲစာရင်းအမှတ်စဉ်များနှင့်မဲရုံအမှတ်ပါဝင်သည့် (Voter list number Slip)များ ထည့်သွင်းထားသည့် Mobile Tables များနှင့် Power Bank များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အီလက်ထရောနစ်မဲပေးစက်အသုံးပြုသည့် မဲရုံအတွက်ခင်းကျင်းမှု သရုပ်ပြသထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ မဲပေးရာတွင် ကြန့်ကြာမှုမရှိစေဘဲ လွယ်ကူစွာမဲပေးနိုင်ရေးအတွက် အဓိကထားကူညီဆောင်ရွက်ပေးကြရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အစွမ်းကုန်ဝိုင်းဝန်းကြိုးစားကြရေးနှင့်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့်တာဝန်ရှိသူများသည် ဝိုင်းမော်မြို့ရှိ ရပ်ကွက်အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)နှင့် အမှတ်(၅)တို့နှင့် မိုင်းနား ကျေးရွာအုပ်ချုပ် ရေးမှူးရုံးများတွင် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)