တနိုင်း ဇန်နဝါရီ ၈
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်း (၉) နာရီက တနိုင်းမြို့ အထက-၁ ပညာရတနာ ခန်းမတွင်ကျင်းပရာ အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တနိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာတာဝန်ရှိသူများက အခမ်းအနားအားဖွင့်လှစ်၍ အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပညာရေးစုံညီပွဲတော်”အဖွင့်သီချင်းဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားအား သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းထက်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တနိုင်းခရိုင် ပညာရေးမှူးဆရာမကြီး ဒေါ်ရွှေနယ်ဇိန်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားတွင်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ရီရီဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်မြို့နယ်အဆင့် စာပေ၊ ဉာဏ၊ ကာယကဏ္ဍအလိုက် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူလေးများအား တက်ရောက်လာကြသော တာဝန်ရှိသူများကဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တနိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်း သား၊ ကျောင်းသူလေးများက အကအလှ ပဒေသာ၊ တေးသရုပ်ဖော်များဖြင့် တင်ဆက်ကပြဖျော်ဖြေ၍ မြို့နယ်ပညာရေးစုံညီပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
နေလင်းထူး