ဝိုင်မော် ဇန်နဝါရီ ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (အပိုင်း-၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက မိမိတို့မြို့နယ်အတွင်း အပိုင်း-၂ အဖြစ်ဆက်လက်ကျင်းပသွားမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းများက မဲဆန္ဒရှင်ပြည်သူများ၏ လိုအပ်သည့် အကူအညီများကို အချိန်နှင့်တပြေညီ ပံ့ပိုးကူညီဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားပြီး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံအလိုက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သိရှိလိုသည်များမေးမြန်းကြရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ဝိုင်းမော် (ပြန်/ဆက်)