မိုးကောင်း ဇန်နဝါရီ ၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အ.မ.က-အလယ်ရပ်ကျောင်း၏ ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီတွင် အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အ.မ.ကအလယ်ရပ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆျုပါသည် စုံညီပွဲတော်” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနိုင်ဝင်းက အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုမင်းက ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ပြောကြားသည်။
စုံညီပွဲတော်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအထိမ်းအမှတ် စာစီစာကုံးဆုရရှိသူများ၊ အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့နှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးဆုရရှိသူများ၊ ကျောင်းလုပ်ငန်းနှင့် အားကစားဆုအပါအဝင် ကာယ၊ ဉာဏဆု ရရှိသူများကို ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုအသီးသီးချီးမြှင့်ကြသည်။
ထို့နောက်အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကသနပ်ခါး၊ ကိုကြီးကျော်၊ ဗုံကြီးသံ၊ ရှင်နော်၊ ဘရဏီ၊ ရွှင်လန်းကာစိတ်ချမ်းသာကြစေ၊ ဗိုလ်အောင်ဒင်၊ ကိုကြီးကိုကြီး၊ တောင်ယာဝင်ချိန်၊ ယဉ်တစ်ကိုယ်မယ်၊ လိုကာလိုကာစသည့် တေးသီချင်းသရုပ်ဖော်အကများ၊ ကချင် အကနှင့် အငြိမ့်အကများဖြင့် ဖျော်ဖြေကပြကြောင်း သိရသည်။
သန်းလွင်ဦး