နောင်မွန်းမြို့နယ်၌ ကထိန်အောင်ပွဲနှင့် အနန္တဇိနဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်တင်လှူပူဇော်ပွဲကျင်းပ

နောင်မွန်း ဇန်နဝါရီ ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ခန္တီလုံဗုဒ္ဓသာသနာ့နုဂ္ဂဟအသင်း(ပူတာအို)နှင့် ဝိသာခါအဖွဲ့သားများစုပေါင်းကထိန်အောင်ပွဲနှင့် အနန္တဇိနဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော်စိန်ဖူးတော်တင်လှူပူဇော်ပွဲကို ဇန်နဝါရီလ ၄ ရက်နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကထိန်အောင်ပွဲကိုအကြောင်းပြု၍ နောင်မွန်းမြို့ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းရှိ အနန္တဇိနဓါတ်ပေါင်းစုစေတီတော် စိန်ဖူးတော်တင်လှူပူဇော်ပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင် လှူပူဇော်ပွဲ၊ မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းများကို အနန္တဇိနဓါတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်ပရဝုဏ်အတွင်း၌ကျင်းပခဲ့ပြီး  ရှေးဘိုးဘွားများအား ကုသိုလ်အမျှအတန်း ပေးဝေခြင်းနှင့် ဆောက်လုပ်လှူဒါန်းပြီးစီးခဲ့သော ကျောင်း၊ မုခ်ဦး၊ အုတ်တံတိုင်း၊ ရေကန်များအတွက် ရေစက်ချအမျှအတန်းပေးဝေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့‌ တောင်တန်းသာသနာပြု ဆရာ‌တော်ဘဒ္ဒန္တဝိစာရဉာဏနှင့် ပူတာအိုမြို့နယ်မှ ဆရာတော်သံဃာတော်များ၊ ခန္တီလုံဗုဒ္ဓသာသနာ့နုဂ္ဂဟအသင်းနှင့် ဝိသာခါအဖွဲ့သားများနှင့် နောင်မွန်းမြို့နယ်ဌာနဆိုင်ရာများ ပါဝင်ကုသိုလ်ယူခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)