မိုးညှင်းတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မိုးညှင်း ဇန်နဝါရီ ၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၃၀)ရက်နေ့ ညနေ(၃)နာရီက တက္ကသိုလ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဗိုလ်လုပွဲစဉ်ကျင်းပရာတွင် ညွှန့်ပေါင်း(ခ)အသင်းနှင့် ဒဿနိကအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဒဿနိကအသင်းက သုံးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိ၍ ဗိုလ်စွဲသွားခဲ့ပြီး အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ (၂၉)ရက်မှစတင်၍ အသင်းစုစုပေါင်း ငါးသင်းဖြင့် အုပ်စုနှစ်စုဖွဲ့၍ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က အဖွင့်အမှာစကားပြောကြားရာ သင်ကြားရေးဖြစ်သည့် စာပေများသာမက လေ့ကျင့်ရေးဖြစ်သည့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများအား ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားကာ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိကြသည့် အသင်းများကို ဆုဆွဲပြားနှင့်အတူ ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ အသင်း၏နေရာအလိုက် အကောင်းဆုံးကစားသမားဆုများနှင့် တံခွန်စိုက်ဒိုင်း ဆုဖလားကိုလည်းကောင်း တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်နှင့် ပါမောက္ခ(ဌာနမှူး)တို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ နံနက်ပိုင်းတွင် တက္ကသိုလ်အားကစားခန်းမ၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း