ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြစ်ကြီးနား-မန်ခိန်လမ်းကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

မြစ်ကြီးနား ဇန်နဝါရီ ၁

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ခင်းကျင်းဆောင်ရွက်ခဲ့သည့် မြစ်ကြီးနားမြို့တွင်းလမ်း မြစ်ကြီးနား-မန်ခိန်လမ်း ကတ္တရာကွန်ကရစ် (AC)လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့က အဆိုပါ လမ်းသစ်၏ ရုံးကြီးလမ်းနှင့် သခင်နက်ဖေလမ်းထောင့်၌ ကျင်းပပြုလုပ်ခဲ့သည်။

လမ်းသစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် မြစ်ကြီးနား-မန်ခိန်ကတ္တရာကွန်ကရစ်လမ်းသည် မြို့တွင်းမီးသတ်ဦးစီးဌာနရုံးလမ်းဆုံမှ ကရိန်နော်လမ်းခွဲအထိ အရှည်(၆)မိုင်ရှိပြီး မြို့တွင်း မော်တော်ယာဉ်အများဆုံးသွားလာသည့် လမ်းပိုင်းတစ်ခုဖြစ်သည့်အပြင် မြို့တွင်း လမ်းပိုင်းများနှင့် ချိတ်ဆက်မှု အများဆုံးလမ်းဖြစ်သည့်အတွက် ဒေသခံပြည်သူများအတွက် များစွာအကျိုးဖြစ်ထွန်းသည့် လမ်းတစ်ခုပင်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မိုးဦးက တာဝန်ယူဆောင်ရွက်ခဲ့သည့် လမ်းပိုင်းအား ပြည်နယ်အစိုးရအဖွဲ့၏  ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၂၁၄၈)သန်းဖြင့်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရပ်ကွက် နေပြည်သူတစ်ဦးဖြစ်သည့် ဦးကျော်သူက လမ်းသစ်ရရှိသည့်အတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် လမ်းသစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံကို ရိုက်ကူးခဲ့ကြကာ လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် AI နည်းပညာဖြင့် လျှင်မြန်စွာတုံ့ပြန်ဆောင်မှုစနစ် ဖော်ဆောင်ခြင်း(Agility Through AI Technology) အသိပညာပေး‌ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေး‌ဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကမ္ဘာကြီးတွင် Artificial Intelligence (AI) လို့ခေါ်သည့် ဉာဏ်ရည်တု အဆင့်မြင့်နည်းပညာသည် မဖြစ်မနေ လိုက်ပါစီးမျောရမည့် နည်းပညာတစ်ခုပင်ဖြစ်ပါကြောင်း၊ AI နည်းပညာကို ကျောင်းသားကျောင်းသူများအတွက်သာမက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွက်လက်ထက်မြက်သော စီမံခန့်ခွဲမှု၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍများတွင် မည်သို့လျင်မြန်စွာ စီမံဆောင်ရွက် နိုင်သည်ကို လေ့လာဆည်းပူးရမည်ဖြစ်ပါကြောင်း၊  AI နည်းပညာဖြင့် မိမိတို့ ပြည်နယ်ကို Smart State တစ်ခုအဖြစ် ပြောင်းလဲနိုင်ရေး ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ပါကြောင်း မှာကြားခဲ့သည်။

ထို့အတူ ဒီဇင်ဘာ ၃၀ ရက် ညနေ ၄ နာရီကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီ ခန်းမ၌ ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ် (၆)မြို့နယ်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး အပိုင်း (၂)အဖြစ် ကျင်းပပြုလုပ်သွားမည့် မြို့နယ်များတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲ အပိုင်း (၁)ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး အားနည်းချက်/အားသာချက်များကို ပွင့်ပွင့်လင်းလင်းသုံးသပ်ဆွေးနွေးကြရန်နှင့်  ဆက်လက်ကျင်းပသွားမည့် အပိုင်း (၂)နှင့် အပိုင်း (၃)ရွေး ကောက်ပွဲများတွင် ပြည်သူများ မဲပေး ရာတွင် ပိုမိုအဆင်ပြေလွယ်ကူချောမွေ့စွာ မဲပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် ပြည်သူများ စိုးရိမ်ကြောင့်ကျမှုမရှိဘဲ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် အသိပေးလှုံ့ဆော်ခြင်းများနှင့် မဲစာရင်းနံပါတ်များကို တစ်အိမ်တက်ဆင်း ဖြန့်ဝေခြင်းများကို အလေးအ နက်အဓိကထား စီစဉ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးက အပိုင်း (၁) ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပေါ် တွေ့ရှိခဲ့ရသည့် အားသာချက်များနှင့် အားနည်းချက်များအပေါ် သုံးသပ်၍ ကြိုတင်ဆောင်ရွက်သွားရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်ရွေးကောက်ပွဲအရာရှိက အပိုင်း(၂)နှင့် (၃)ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ် (၆)မြို့နယ်မှ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ရွေးကောက်ပွဲကျင်းပခဲ့မှုများနှင့် စပ်လျဉ်း ၍ တွေ့ကြုံခဲ့ရသည့် အားနည်းချက်/အားသာချက်များကို လည်းကောင်း၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဆက်လက်ကျင်းပမည့် အပိုင်း (၂)ရွေးကောက်ပွဲတွင် ပါဝင်သည့် ဝိုင်းမော်၊ မိုးကောင်းနှင့် မချမ်းဘော မြို့နယ်များမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း အသီးသီးတင်ပြ ခဲ့ကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် တိုင်းမှူးက လိုအပ်သည်များ ဖြည့်စွက်သုံးသပ်ဆွေးနွေးပြီး ပြည် နယ်ဝန်ကြီးချုပ်က အထူးသဖြင့် ပြည်သူများ မဲရုံတွင် လွတ်လပ်စွာ၊ လွယ်ကူချောမွေ့စွာ မဲပေးနိုင်ရေးအတွက် အလေးအနက်ထား ပြင်ဆင်ဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဘောလုံးကွင်း၌ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များကကြီးမှူး ကျင်းပသည့် အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြရာ ပြည်နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်သူရက (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ကျင်းပသော ဘောလုံးပြိုင်ပွဲကို အားကစား တစ်ခုအနေဖြင့်သာ ရှုမြင်ခြင်းမပြုဘဲ အားကစားသည် နိုင်ငံရေး၊ အားကစားသည် လူမျိုးရေးနှင့် အားကစားမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်များ ပိုမိုတိုးပွားထက်သန်လာစေခြင်း၊ ပြည်နယ်သူ/ပြည်နယ် သားများ၏ စည်းလုံးမှု၊ ချစ်ခင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြသနိုင်သည့် အရေးကြီးအခန်း ကဏ္ဍတစ်ခုအဖြစ် မြင်တွေ့ရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ဘောလုံးအသင်း(၈)သင်းမှ နည်းပြနှင့် အုပ်ချုပ်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ဖွင့်ပွဲအထိမ်းအမှတ် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကာ Kachin Youth FC နှင့် ဒူဒူရှရော် FC အသင်းတို့ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)